JPF နောက်ခံအကြောင်း

JPF နောက်ခံအကြောင်း

ငြိမ်းချမ်းရေးပူးပေါင်းရန်ပုံငွေ ဖြစ်လာစေရန် အစောပိုင်းဖြစ်မြောက်ရေးဆွေးနွေးပွဲတစ်ခုတွင် DFID မှ Steve Ainsworth က JPF အဆိုပြု ဖွဲ့စည်းပုံနှင့်ပတ်သတ်၍ ဆွေးနွေးနေစဉ်

မြန်မာနိုင်ငံတွင် ပြည်တွင်း၌တာဝန်ယူဆောင်ရွက်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပံ့ပိုးရာတွင် နိုင်ငံတကာအထောက်အပံ့များအနေဖြင့် ပိုမိုထိရောက်အကျိုးရှိစေရန် အလှူရှင်များနှင့် သံတမာန်များမှ ငြိမ်းချမ်းရေးပူးပေါင်းရန်ပုံငွေ (Joint Peace Fund-JPF) ကိုတည်ထောင်ခဲ့ပါသည်။ ဤကဲ့သို့တစ်မူထူးခြားသည့် ဒီဇိုင်းဖြစ်လာစေမည့် နောက်ကွယ်မှ တွန်းအားပေးသည့်စိတ်အားထက်သန်မှုနှင့် တွေးတောကြံဆမှုမှာကား…

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်များအတွက် ကြိုးပမ်းလျက်ရှိသည့် ၂၀၁၄ ခန့်ကဖြစ်သည်။ ကမ္ဘာအရပ်ရပ်ရှိ တခြားလုပ်ငန်းစဉ်များနှင့် မတူသည့် အချက်မှာ ၎င်းတို့တွင် လွတ်လပ်သော ကြားနေပံ့ပိုးဆောင်ရွက်သည့် အဖွဲ့အစည်းတစ်ရပ် ရှိသော်လည်း မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာမူ ပြည်တွင်းတွင်သာ တာဝန်ယူဆောင်ရွက်သော အရာတစ်ခုဖြစ်သည်။ ဆိုလိုသည်မှာ ပါဝင်ဆောင်ရွက်သူအားလုံးမှ ကိုယ်တိုင်ညှိနှိုင်းဆောင်ရွက်ခြင်း ဖြစ်သည်။ အစိုးရနှင့်လက်နက်ကိုင်အဖွဲ့အစည်းများပါဝင်ပြီး ၎င်းတို့အနက် ၁၆ဖွဲ့မှာ တရားဝင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ညှိနှိုင်းဆဲဖြစ်သည်။ ကနဦးကာလမှသည် နိုင်ငံတကာအလှူရှင် အဖွဲ့အစည်းများအနေဖြင့် အဖွဲ့အစည်းအသီးသီးကို နှစ်ဦးသဘောတူထောက်ပံ့ကူညီမှုများပေးအပ်ရင်း တတ်နိုင်သည့်ဘက်မှ ပံ့ပိုးလာခဲ့ခြင်းဖြစ်သည်။ ၎င်းတို့အနက်မှ ဥရောပသမဂ္ဂ (European Union - EU ) အနေဖြင့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း နှစ်ဘက်စလုံးကို ပံ့ပိုးနေခြင်းဖြစ်ပြီး သမ္မတဦးသိန်းစိန် အစိုးရလက်ထက်၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လမ်းညွှန်ရန်တည်ထောင်ခဲ့သည့် Myanmar Peace Centre ကိုလည်း အထင်အရှားပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပေါ်ပေါက်လာချိန်တွင် ငြိမ်းချမ်းရေးအလှူရှင်အဖွဲ့အစည်းများ အနေဖြင့် သဘောပေါက်လာသည်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ၎င်းမှတစ်ဆင့် ပေါ်ထွက်လာသည့် ရှုပ်ထွေးနက်နဲသောအဖွဲ့များနှင့် စနစ်များအတွက် နှစ်ဦးသဘောတူထောက်ပံ့မှုများပြုလုပ်ခြင်းမှာ အကျိုးဖြစ်ထွန်းမှုရှိသော်လည်း သိသာထင်ရှားသည့် ကန့်သတ်မှုများရှိနေသည့် အချက်ဖြစ်သည်။ JPF ၏ အဓိကအလှူရှင်များထဲမှတစ်ဦးဖြစ်သည့် EU မှ Manuel de Rivera က ရှင်းပြသည် မှာ “အဲဒီအချိန် တုန်းကတော့ Peace Donor Support Group (PDSG) အနေနဲ့ တွေ့ဆုံကြတယ်။ လတိုင်း ဘယ်သူဘာတွေလုပ်နေတယ်ဆိုတာ မျှဝေကြတယ်။ ဒါပေမယ့် အဲဒါက ထိရောက်လှတဲ့ နည်းလမ်းတော့မဟုတ်ဘူး။ ဒါနဲ့ ရန်ပုံငွေတွေ စုစည်းထားတဲ့နည်းလမ်းကို စဉ်းစားမိပြီး Joint Peace Fund ဖြစ်လာတယ်”

မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ်ဆောင်ရွက်လေ့ရှိတဲ့ ဒီ JPF ဖြစ်မြောက်ရေးအုပ်စုလေးဟာ နိုဝင်ဘာ ၂၀၁၅မှာ ရန်ပုံငွေအဖွဲ့ကို တည်ထောင်ခဲ့ပြီး ၂၀၁၆ နှစ်လယ်မှာတော့ လုပ်ငန်းစတင်လည်ပတ်ခဲ့ပါတယ်။

“အဖွဲ့စထောင်မယ့်အချိန်မှာ ပါဝင်သက်ဆိုင်မယ့်သူအားလုံးနဲ့ ဆွေးနွေးဖြစ်တယ်။ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ အတော်များများနဲ့ပြောဖြစ်တယ်။ သူတို့ အားလုံးကလဲ ဒီစိတ်ကူးကို အားပေးကြတယ်။ ဒီဇိုင်းစလုပ်တဲ့အချိန်မှာလဲ သူတို့အားလုံးကို အသိပေးခဲ့တယ်။ ဒါကြောင့် ကနဦးအစကတည်းကကို ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ စီမံကိန်းပါပဲ” လို့ Manuel က ရှင်းပြပါတယ်။

ရန်ပုံငွေများကိုစုစည်းထားရှိခြင်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဆောင်ရွက်လေ့ရှိသော အရာတစ်ခုဖြစ်သည်။ အလှူရှင်အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် “ပူးပေါင်းဆောင်ရွက်ခြင်း” ဟူသည် နိုင်ငံတကာအကောင်းဆုံးကျင့်သုံးမှုမှ အရေးပါသော လုပ်ထုံးလုပ်နည်းတစ်ရပ်ဖြစ်သည်။ ၎င်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အနေဖြင့်လည်း ပံ့ပိုးမှုများ ဟန်ချက်ညီအောင်ထိန်းညှိရန် အရေးပါရုံသာမက၊ နှစ်ဦးနှစ်ဘက်လွှမ်းမိုးမှုများလျော့ပါးအောင် လျော့ချနိုင်ပြီး ရန်ပုံငွေစီမံခန့်ခွဲမှုနှင့် ရယူမှုများတွင် ပိုမိုလွယ်ကူထိရောက်စေသည်။

“အမှန်အတိုင်းပြောရမယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ်အတွက် နိုင်ငံရေးဆန္ဒတစ်ခုတည်း လိုအပ်တာမဟုတ်ဘူး။ ငွေကြေးပံ့ပိုးမှုလည်းအများကြီးလိုအပ်တယ်” ဟု Manuel ကဆိုသည်။ “JPF အနေနဲ့က ပါဝင်တဲ့ သူတွေအကုန်လုံးကို ပံ့ပိုးတာဆိုတော့ ညှိနှိုင်းတဲ့သူတွေရော၊ ပံ့ပိုးတဲ့သူတွေရော နည်းပညာ၊ ငွေကြေး၊ အထောက်အပံ့ သူတို့လိုအပ်တာကို လိုအပ်ချိန်တိုင်း အလွယ်တကူရယူနိုင်တယ်။ ဘယ်လောက်အထိ ရိုးရှင်းလဲဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ညှိနှိုင်းသူတွေအနေနဲ့ အရေးတကြီး အစိုးရနဲ့တွေ့ဆုံဖို့ရှိလို့ လေယာဉ်လက်မှတ်ဝယ်ရမယ့်ကိစ္စမျိုးတို့ ဖွဲ့စည်းပုံကိစ္စတွေအတွက် ကျွမ်းကျင်သူတစ်ယောက် ခေါ်ယူဖို့လိုတယ်ဆိုတာမျိုးတွေလိုပေါ့။ အစိုးရအနေနဲ့လည်း ပင်လုံညီလာခံလို ခက်ခဲရှုပ်ထွေးတဲ့ပွဲမျိုးကျင်းပမယ်ဆို ဘတ်ဂျက်အရင်လိုက်ရှာနေစရာမလိုတော့ဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အနေနဲ့ ဘယ်လောက်တိုးတက်မှုရှိသလဲဆိုတာ ပါဝင်သူတွေနဲ့သက်ဆိုင်ပေမယ့် သူတို့အနေနဲ့တော့ အလှူရှင်လိုက်ရှာနေရမယ့်အစား အနည်းဆုံး ဘယ်လိုရှေ့ဆက်ဆောင်ရွက်မယ်ဆိုတဲ့အပေါ် အချိန်ယူနိုင်တာပေါ့”

အဘက်ဘက်တွင်ပါဝင်သူများအနေဖြင့် ညှိနှိုင်းမှုပြုလုပ်နိုင်ရန် အရည်အသွေးမြှင့်တင်သော နည်းပညာပံ့ပိုးကူညီမှုမှာ JPFမှ ပေးအပ်သည့် ရန်ပုံငွေကဲ့သို့ပင်အရေးပါလျက်ရှိသည်။ “JPF ဆိုတာ ရန်ပုံငွေအဖွဲ့သက်သက်မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ နှစ်ပေါင်းများစွာ အတွေ့အကြုံရှိတဲ့ ပြည်တွင်းပြည်ပက ကျွမ်းကျင်ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတာပါ။ ငွေကြေးသာမကဘဲ လိုအပ်ရင် အပစ်အခတ်ရပ်စဲရေးတို့ ဖက်ဒရယ်စနစ်လို အကြောင်းအရာတွေမှာ နည်းပညာပံ့ပိုးမှု ပေးအပ်နိုင်ပါတယ်” ဟု Manuel ကပြောသည်။

Manuel နှင့်အတူ UK’s Department for International Development (DFID) မှ Steve Ainsworth သည်လည်း JPF ကိုတည်ထောင်သူအဖွဲ့ထဲမှ အရေးပါသူတစ်ဦးဖြစ်သည်။ JPF ကိုတည်ထောင်ခြင်းက ပြည်တွင်းနှင့် ပြည်ပမှ နိုင်ငံတကာ ကျွမ်းကျင်မှုများသာမက မြန်မာနိုင်ငံနှင့်သင့်လျော်သည့် နိုင်ငံတကာမှ လေ့လာတွေ့ ရှိချက်များကို စုဝေးစေရန် ကောင်းမွန်သည့်အခွင့်အရေး တစ်ရပ်ဖြစ်သည်ဟု ဆိုသည်။

“အဓိကသင်ခန်းစာတစ်ခုကတော့ အများပါဝင်စေမှုပေါ့။ ငြိမ်းချမ်းရေးရရှိတယ်ဆိုတာက ထိပ်ဆုံးကခေါင်း ဆောင်တစ်ယောက်ကို သဘောတူညီချက် ရေးထိုးခိုင်းရုံသက်သက်ထက် အများကြီးပိုပါတယ်။ ဒီသဘော တူညီချက်ကို အကောင်အထည်ဖော်ဖို့နဲ့ အသိအမှတ်ပြုဖို့ အလွှာအသီးသီးက ဆက်ဆံရေးတွေ ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဒီလိုဖြစ်ဖို့ဆိုရင် ငြိမ်းချမ်းရေးမှာ ပါဝင်ဆောင်ရွက်သူအားလုံး မိမိ အခန်းကဏ္ဍကို ဆောင်ရွက်ကြဖို့လိုတယ်”

JPF ကမူ ဤအချက်ကို လုပ်ငန်းစဉ်တစ်ခုလုံးအတွက် ခြုံငုံပံ့ပိုးသော နည်းလမ်းဖြင့် ဆောင်ရွက်ပါသည်။ တရားဝင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပံ့ပိုးမှုအပြင် လုပ်ငန်းစဉ်ကြီးတစ်ခုလုံးကို ခြုံငုံမိရန် ဒီဇိုင်းရေးဆွဲထားပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရေရှည်တည်တန့်စေရန် ကူညီမည့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းနှင့် သုတေသနနှင့် ဆန်းသစ်တီထွင်မှုဟူသော အစီအမံများလည်းပါဝင်သည်။ ၎င်းစီမံကိန်းများမှာ ငြိမ်းချမ်းရေးတွင် ရေရှည်ရင်းနှီးမြှုပ်နှံရန် အလေးထားပြီး ပြည်တွင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ လူထုအခြေပြုအဖွဲ့အ စည်းများ၊ သုတေသနအဖွဲ့အစည်းများ၊ သတင်းမီဒီယာများ၊ လူငယ်အဖွဲ့များနှင့် အထူးသဖြင့် အမျိုးသမီးအဖွဲ့များကို ပံ့ပိုးလျက်ရှိသည်။

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ၏အနှစ်သာရပိုင်းပါဝင်မှုက အသက်တမျှအရေးကြီး သည်ဟူသည့်အချက်ကိုလည်း JPF ဒီဇိုင်းရေးဆွဲရာတွင် ထည့်သွင်းထားပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အတွက် တက်ကြွဆောင်ရွက်သူများအနေဖြင့် ရန်ပုံငွေထောက်ပံ့မှု၏ ၁၅ရာခိုင်နှုန်းကို အမျိုးသမီးများ၏ လိုအပ်ချက်များ၊ တန်းတူညီမျှရေးနှင့် စွမ်းရည်မြှင့်တင်ခြင်းများကို ပံ့ပိုးရန်လျာထားသည်။

“JPF က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ရန်ပုံငွေထောက်ပံ့တာသက်သက်ထက် အများကြီးပိုပါတယ်။ လူထုကိုပံ့ပိုးမှုကနေ ငြိမ်းချမ်းရေးသင်တန်းတွေ၊ ပြည်နယ်အဆင့်ဆွေးနွေးပွဲတွေကနေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုတာ ငါတို့နဲ့တော့ဘာမှမဆိုင်ပါဘူးလို့ထင်ကြတဲ့သူတွေအတွက် ရည်ရွယ်တဲ့ဆက်သွယ်ရေးလုပ်ငန်းတွေ အစရှိသဖြင့် အလွှာတိုင်းက ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေသူတွေဆီမှာ ရင်းနှီးမြှုပ်နှံလျက်ရှိပါတယ်” လို့ Steve က ပြောပါတယ်။

အစောပိုင်းကာလတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၌ တရားဝင်ဆောင်ရွက်နေသူများကို ပံ့ပိုးမှုပြုပြီးသည့်နောက် စီမံကိန်းအားလုံးကို ငြိမ်းချမ်းရေးကို ဦးတည်ဆောင်ရွက်နေသော မြန်မာနိုင်ငံရှိ အဖွဲ့အစည်းများကို ပံ့ပိုးရန်လျာထားပါသည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုက အခက်အခဲတွေအများကြီးရင်ဆိုင်ရတယ်ဆိုတာ ကျွန်တော်တို့ ကောင်းကောင်းသဘောပေါက်ပါတယ်။ ဒီအခက်အခဲတွေကို ဖြေရှင်းဖို့ပဲ အားလုံးက ကြိုးပမ်းနေကြတယ်ဆိုတာလဲ ကျွန်တော်တို့နားလည်ပါတယ်” ဟု Manuel ကပြောသည်။ “ဒါပေမယ့် JPF တည်ရှိနေတယ်ဆိုတဲ့အချက်က နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးဆီ လျှောက်လှမ်းတဲ့နေရာမှာ ဘယ်လောက်ပဲ ခက်ခဲမှုရှိပါစေ ခိုင်ခိုင်မာမာရပ်တည်ကြိုးပမ်းမှုရှိခြင်းဆိုတဲ့ ဖော်ပြချက်တစ်ရပ်ပါပဲ”