JPF ဟူသည်မှာ

JPF ဟူသည်မှာ

ငြိမ်းချမ်းရေးပူးပေါင်းရန်ပုံငွေအဖွဲ့ (JPF) သည် မြန်မာနိုင်ငံရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပံ့ပိုးကူညီရန် နိုင်ငံတကာအလှူရှင်အဖွဲ့များမှ တည်ထောင်ထားသော အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ ကျွန်ုပ်တို့၏ စီမံကိန်းများကိုလည်း လူမှုအသိုင်းအဝိုင်းအသီးသီးမှ မိတ်ဖက်အဖွဲ့အစည်းများနှင့် စီမံကိန်းများကို ပံ့ပိုးနိုင်မည့် အများပါဝင်သောချဉ်းကပ်မှုမျိုးဖြင့် တမူထူးခြားစွာ ဒီဇိုင်းရေးဆွဲထားပါသည်။ ၎င်းပံ့ပိုးမှုမှာ မြန်မာ့ငြိမ်းချမ်းရေးလမ်းကြောင်းသည် အဆင့်မြင့်ညှိနှိုင်းမှု လုပ်ငန်းစဉ်မှသည် ဝေးလံခေါင်ဖျားသည့်အရပ်ရှိ ကျေးရွာတွင်းငြိမ်းချမ်းရေးအတွက် လူထုဆောင်ရွက်ချက်များအထိ အများပါဝင်ဆောင်ရွက်သောချဉ်းကပ်မှုပေါ်တွင်သာ မူတည်နေသည် ဟူသော ကျွန်ုပ်တို့၏ ယုံကြည်ချက်ကို ထင်ဟပ်နေပါသည်။

အလှူရှင်အဖွဲ့အစည်း ၁၁ဖွဲ့ ၏ ရန်ပုံငွေများကို စုစည်းထားပြီး ပြည်ထောင်စုအဆင့်၊ ပြည်နယ်အဆင့်နှင့် ဒေသန္တရအဆင့် အလွှာအသီးသီးတွင် လုပ်ငန်းဆောင်ရွက်နေကြသော မြန်မာ့အဖွဲ့အစည်းများသာမက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နေသူများကို ညီညွတ်ထိရောက်သော ချဉ်းကပ်မှုဖြင့် ငွေကြေး၊ နည်းပညာနှင့် အကြံဉာဏ်ပံ့ပိုးမှုများ ပေးအပ်လျက်ရှိသည်။

ယခုအခါ ရန်ပုံငွေအဖွဲ့တွင် သြစတြေးလျ၊ ကနေဒါ၊ ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဖင်လန်၊ အီတလီ၊ နော်ဝေ၊ ဆွစ်ဇာလန်၊ ယူနိုက်တက်ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စုတို့ ပါဝင်သည်။ ရန်ပုံငွေအဖွဲ့သည် အနည်းဆုံး ၂၀၂၁အထိ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်သည်။

JPF သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပံ့ပိုးသည့်အနေဖြင့် နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံ ၂၀၁၆ခုနှစ် သြဂုတ်လ နှောင်းပိုင်းတွင် ပထမအကြိမ် ရန်ပုံငွေ ထုတ်ပေးခဲ့သည်။ ယခုအခါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အားကောင်းပြီး ပိုမိုကျယ်ပြန့်မည့် လုပ်ငန်းများကို ပေါင်းကူးဆက်သွယ်ရန် ရည်ရွယ်လျက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပံ့ပိုးခြင်းနှင့် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းဆိုင်ရာလုပ်ငန်းအစီအစဉ်များကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

ကျွန်ုပ်တို့၏လုပ်ငန်းဆောင်ရွက်ပုံ

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပံ့ပိုးရာတွင် ကျွန်ုပ်တို့၏ အဓိကရည်မှန်းချက်မှာ ထိရောက်အောင်မြင်မှုရှိသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်နိုင်စေရေး ဖြစ်ပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ရပ် အောင်မြင်စေရန် ပါ၀င်ဆောင်ရွက်သူအားလုံးက မိမိလည်း ပိုင်ဆိုင်သောအရာဖြစ်သည်ဟု သဘောထားရန် လိုအပ်ပါသည်။ ညှိနှိုင်းမှုများ ထိရောက်စွာပြုလုပ်နိုင်ရန် လိုအပ်သည်များကိုလည်း စီစဉ်ပံ့ပိုးထားရပါမည်။ ထို့အတွက်ကြောင့် ကျွန်ုပ်တို့အနေဖြင့် ဆောင်ရွက်နေသူများအားလုံးကို ဘက်မလိုက်ဘဲပံ့ပိုးပေးလျက်ရှိပါသည်။

JPF အနေဖြင့် ရေရှည်တည်တံ့သောငြိမ်းချမ်းရေးဟူသည်မှာ ထိုရည်မှန်းချက်ကို ရှေးရှု၍ ကြိုးပမ်းဆောင်ရွက်နေသော တစ်နိုင်ငံလုံးရှိ တစ်သီးပုဂ္ဂလလူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများတွင် ရေရှည်ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ ငြိမ်းချမ်းရေးပံ့ပိုးမှုတွင် ကျွမ်းကျင်သူများကို ခန့်အပ်ထားပြီး ကျွန်ုပ်တို့အနေဖြင့် လိုအပ်သည့်အကူအညီများကို ပေးအပ်ရန် အဆင်သင့်ရှိပါသည်။ အလှူရှင်အဖွဲ့အစည်း ၁၁ဖွဲ့မှ ပံ့ပိုးမှုအားဖြင့် မြန်မာနိုင်ငံရှိအားလုံးအတွက် ငြိမ်းချမ်းသောအနာဂတ်ရရှိရန် ခိုင်မာသောနိုင်ငံတကာကတိကဝတ်ဖြင့် ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။

ကျွန်ုပ်တို့ ပံ့ပိုးသည့်အရာများ

JPF အနေဖြင့် အလွှာအသီးသီးမှ ငြိမ်းချမ်းရေးဖော်ဆောင်နေသူများ၊  ပြည်တွင်းအဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဖော်ဆောင်နေသူများကို စီမံကိန်းအမျိုးမျိုးမှတစ်ဆင့် ပံ့ပိုးလျက်ရှိပါသည်။ အဆင့်မြှင့်ညှိနှိုင်းဆွေးနွေးမှုများတွင် ပါဝင်သူများအား ငွေကြေး၊ နည်းပညာနှင့် အကြံဉာဏ်များ ဘက်မလိုက်ဘဲ ပံ့ပိုးလျက်ရှိပါသည်။ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် လက်မှတ်ထိုးထားသည့် ဒေသများတွင် လည်း ၎င်းကို ပိုမိုအားကောင်းစေရန် ဆောင်ရွက်နေသည့် စီမံကိန်းများအား ကူညီထောက်ပံ့ပါသည်။ ငြိမ်းချမ်းရေးပိုမိုအားကောင်းစေမည့် တရားဝင်နှင့် အလွတ်သဘော ညှိနှိုင်းဆွေးနွေးပွဲများကိုရော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အမျိုးသမီးများ၏ အသံကို ပိုမိုပေါ်လွင်စေမည့် စီမံကိန်း များကိုပါ ပံ့ပိုးပေးပါသည်။ လူငယ်များအနေဖြင့် ၎င်းတို့အနာဂတ်ကိုဖော်ဆောင်မည့် လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်နိုင်မည့် စီမံကိန်းများ၊ အစုအဖွဲ့များကြားငြိမ်းချမ်းရေးတည်ဆောက်သည့် စီမံကိန်းများနှင့် တစ်နိုင်ငံလုံးရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် နားလည်မှုကို ပိုမိုနက်ရှိုင်းကျယ်ပြန့်စေရန် အကူအညီပေးမည့် သုတေသနနှင့် ဆက်သွယ်ရေးစီမံကိန်းများ ကိုလည်း ပံ့ပိုးသွားပါမည်။

ကျွန်ုပ်တို့၏လုပ်ငန်းလည်ပတ်မှု

JPF ၏ လုပ်ငန်းဆောင်ရွက်မှုဗျူဟာနှင့် ရန်ပုံငွေထောက်ပံ့ရန်ဆုံးဖြတ်ချက်များကို ရန်ပုံငွေဘုတ်အဖွဲ့မှသာ ကြီးကြပ်ဆောင်ရွက်ပါသည်။ ရန်ပုံငွေဘုတ်အဖွဲ့ကို အလှူရှင်နိုင်ငံများနှင့် အဖွဲ့အစည်းများမှ သံအမတ်ကြီးများဖြင့် ဖွဲ့စည်းထားပါသည်။

လုုပ်ငန်းပိုုင်းဆိုုင်ရာနည်းပညာအစုအဖွဲ့ (Technical Secretariat) နှင့် အကျိုးဆောင်နှင့်ကန်ထရိုက်စာချုပ်မန်နေဂျာ(Trustee and Contract Manager) တို့ဖြင့် ဖွဲ့စည်းထားသော JPF စီမံခန့်ခွဲမှုအဖွဲ့မှ စီမံဆောင်ရွက်ပါသည်။ နည်းပညာအစုအဖွဲ့ကို Nordic International Support Foundation မှ ကြီးကြပ်ပြီး စီမံကိန်းဖော်ဆောင်မှုနှင့် အကောင်အထည်ဖော်ခြင်းလုပ်ငန်းများကို ဦးဆောင်ပါသည်။ အကျိုးဆောင်နှင့် ကန်ထရိုက်စာချုပ်မန်နေဂျာကို United Nations Office for Project Services(UNOPS) မှ ကြီးကြပ်ပြီး ငွေကြေးစီမံခန့်ခွဲမှုနှင့် ကြီးကြပ်မှုများကို ဆောင် ရွက်ပါသည်။ အသေးစားရန်ပုံငွေထောက်ပံ့မှုများမှလွဲ၍ UNOPS မှာ JPF ၏ တရားဝင်ငွေကြေး အဖွဲ့ အစည်းအဖြစ် သဘောတူ စာချုပ်များ ချုပ်ဆိုပါသည်။ JPF စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် စီမံကိန်းများနှင့် စီမံချက်များကို စောင့်ကြည့်လေ့လာခြင်းနှင့် အကဲဖြတ်ခြင်းလုပ်ငန်းများ ကို ပူးတွဲတာဝန်ယူပါသည်။

JPF တွင် ရန်ပုုံငွေလျှောက်ထားခြင်း

JPF အနေဖြင့် ရန်ပုံငွေလျှောက်ထားရန် နိုဝင်ဘာ ၂၀၁၆မှ ဧပြီ ၂၀၁၇အတွင်း ခေါ်ယူခဲ့ပါသည်။ စီမံကိန်းနယ်ပယ်အသီးသီး၌ ရန်ပုံငွေပေးအပ်မှုများ ပြုလုပ်လျက်ရှိသည်။